Saturday, June 18, 2016

"နယုန်လပြည့် မဟာသမယနေ့ "


နယုန်လပြည့်နေကို “မဟာသမယနေ့” ဟူ၍ ပညာရှိပုဂ္ဂိုလ်တို့က အတည်ပြုကာ သက်မှတ်ကြပါသည်။
မဟာသမယ၌ မဟာ-ကတစ်ပုဒ်၊
သမယ-ကတစ်ပုဒ် ဖြစ်ပါသည်။
မဟာ-က ကြီးကျယ် များပြားသော၊
သမယ-က နတ်ဗြဟ္မာတို့၏ အစည်းအဝေး၊
မဟာသမယ များစွာသော နတ်ဗြဟ္မာတို့ အစည်းအဝေးဟူ၍ အဓိပ္ပါယ်ရပါသည်။ ထိုနတ်ဗြဟ္မာတို့ အစည်းအဝေး၌ ဟောကြားအပ်သော သုတ္တန်းများကို “မဟာသမယသုတ်” ဟု ဆိုရပေသည်။
"မဟာသမယသုတ်ကို ရွတ်ဆိုရခြင်းအကျိုး"
--------*------------*----------*----------*
မဟာသမယသုတ်များကို ရွတ်ဆိုကြသောပုဂ္ဂိုလ်တို့အား နတ်တို့က ချစ်ခင်မြတ်နိုးကြ၏။ ထို့ကြောင့် ဘေးရန်အန္တရာယ်များကင်းအောင် စောင့်ရှောက်ကြ၏ ။ကောင်းကျိုးချမ်းသာများ ရရှိအောင်လည်း ဆောင်ရွက်ပေးကြ၏။ သို့ဖြစ်၍ ရှေးသူတော် ကောင်းတို့သည် အိမ်သစ်၊ နေရာသစ်၊ မြို့သစ်၊ ရွာသစ်များ တည်ဆောက်ကြရာ၌ မဟာသမယသုတ်ကို ရွတ်ဆိုကြကုန်၏။ ရွတ်ဆို၍ တည်ဆောက်ကြကုန်၏။
"ဟောကြားရာအခါ သိကောင်းစရာ"
--------*------------*----------*----------*
မြတ်စွာဘုရားသည် ၄-ဝါရပြီး ၅-ဝါမြောက်မှာ
မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့၌
မင်းမျိုးမှဖြစ်သော ရဟန္တာငါးရာနှင့် အတူတကွ
ကပိလဝတ်ပြည်၏ အနီး မဟာဝုန်တောကြီး၌
သီတင်းသုံးတော်မူ၏။ ထိုအခါ တစ်သောင်းသော
စကြာဝဠာ တိုက်မှ နတ်ဗြဟ္မာတို့ လာရောက်၍ ဖူးမြင်ကြသည်။
ထိုသို့ လာရောက်၍ ဖူးမြင်ကြသော နတ်ဗြဟ္မာတို့အား ဤမဟာသမယသုတ်များကို ဟောကြားတော်မူခဲ့ပါသည်။
"ရဟန္တာငါးရာ သိကောင်းစရာ"
--------*------------*----------
ရဟန္တာငါးရာတို့သည် တစ်နေ့တည်မှာ ရဟန္တာများဖြစ်ကြပေသည်။ အသက်အရွယ်အားဖြင့် နုပျိုသော ရဟန္တာများ ဖြစ်ကြပေသည်။ မင်းမျိုးမှ ဖြစ်လာကြသော ရဟန္တာများ ဖြစ်ကြပေသည်။ နှစ်ပြည်ထောင်မင်းတို့၏ စစ်ပြေငြိမ်းရာမှ ဖြစ်လာသော ရဟန္တာများ ဖြစ်ကြပေသည်။
ရဟန္တာငါးရာတို့သည် သက္ကတိုင်း၊ ကပိလဝတ်ပြည်မှ ရဟန္တာ ၂၅၀၊ ကောလိယပြည်မှ ရဟန္တာ ၂၅၀-တို့ ဖြစ်ကြပေသည်။
"နှစ်ပြည်ထောင် ရေလုကြရာမှ ဖြစ်လာပုံ"
--------*------------*----------*----------*
သက္ကတိုင်း၊ ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့၏အကြား၌ “ရောဟိနီ" မည်သော မြစ်ငယ်တစ်ခု ရှိပေသည်။ ထိုမြစ်ငယ် တည်ရှိပုံမှာ ငါးကြင်းမြီးကဲ့သို့
ဖြစ်၏။ အရင်းအစ၌ တစ်ခုတည်းသာဖြစ်၏ မြစ်ဖျား၌မူ
လက်ဝဲ၊ လက်ယာအားဖြင့် နှစ်ခွဖြစ်သွား၏။
တစ်ဘက်သောမြစ်၏ ကမ်းပါးတွင် ကပိလဝတ်ပြည်သူ၊၊
ပြည်သားတို့က ရေသွင်း၍ လယ်ယာလုပ်ကြ၏၊
တစ်ဘက်သော မြစ်၏ ကမ်းပါးတွင် ကောလိယပြည်သူ၊
ပြည်သားတို့က ရေသွင်း၍ လယ်ယာလုပ်ကြ၏။
ဤကဲ့သို့ လယ်ယာလုပ်ကြရာတွင် ယခုလို နယုန်လပြည့်သို
ရောက်လာသော အခါ မိုးကောင်းကောင်း မရွာသေးသည်ဖြစ်၍ ရောဟိနီမြစ်၌ ရေနည်းပါးလာ၏ ကောက်ပင်တို့သည် ရေမရ၍ ညိုးနွမ်းလာကြ၏။ ရောဟိနီမြစ်မှရေကို နှစ်ဖက်လုံး အညီအမျှသွင်းလျှင် ရေမရနိုင်သောကြောင့် ကောလိယပြည်သားတို့က
“အကျွန်ုပ်တို့ ၏ ကောက်ပင်တို့သည် ရေတစ်ကြိမ်
သွင်းလိုက်ရလျှင် သီးနှံများအောင်သွားမည် ဖြစ်ပေသည်။ ကပိလဝတ်ပြည်သားတို့ဘက်မှ မြစ်ကိုပိတ်ထား၍
အကျွန်ုပ်တို့အား ရေးပေးလော့“ ဟု တောင်းဆိုကြကုန်၏။
ကပိလဝတ်ပြည်သားတို့ကလည်း ထိုနည်းတူစွာ ရေကိုတောင်းဆိုကြကုန်၏။ ဤကဲ့သို့ တောင်းဆိုကြရာ အငြင်းပွား၍ အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။ ခိုက်ရန်ဖြစ်ကြရာတွင် မင်းသားတို့ကိုပါ ထိခိုက်အောင် ရေရွတ်ဆဲဆိုကြသောကြောင့် စစ်သည်ဗိုလ်ပါ အလုံးအရင်းတို့ဖြင့် စစ်တိုက်ဖို့ရာ စစ်မြေပြင်သို့ ထွက်လာကြကုန်၏။
"မြတ်စွာဘုရားကြွလာ၍ လက်နက်ချကြခြင်း"
--------*------------*----------*----------*
ဤကဲ့သို့ နှစ်ပြည်ထောင်မင်းသားတို့ စစ်တိုက်ကြတော့မည့်
အကြောင်းကို မြတ်စွာဘုရား သိမြင်တော်မူ၍ သာဝတ္ထိပြည်မှ ကောင်းကင်ခရီးဖြင့် ကြွလာတောမူပြီးလျှင် နှစ်ဘက်သော စစ်သည်တို့၏အလယ် ကောင်းကင်၌ တည်တော်မူကာ ရောင်ခြည်တော်များကို လွှတ်တော်မူလျက်
သီတင်းသုံးနေတော်မူ၏။
ထိုအခါ ကပိလဝတ်ပြည် မင်းသားများနှင့် စစ်သည်တော်တို့သည် ကောင်းကင်၌ တည်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ “မြတ်စွာဘုရား ရှေ့တော်မှောက်၌ သူတစ်ပါးတို့ကို
ညှဉ်းဆဲသက်ဖြတ်လို့ မတော်ပေဘူး၊ ကောလိယမင်းများနှင့် စစ်သည်တော်တို့က မိမိတို့အား အလိုရှိတိုင်း နှိပ်စက်ကြစေတော့“ ဟု လက်နက်များကို စွန့်ပစ်ကာ ထိုင်၍ မြတ်စွာဘုရားကို ရှိခိုးကြကုန်၏။ ကောလိယမင်းသားများနှင့် စစ်သည်တော်တို့ကလည်း
ကပိလဝတ်ပြည် မင်းသားများနှင့် စစ်သည်တော်တို့၏ နည်းတူစွာ လက်မက်များကို စွန့်ပစ်၍ မြတ်စွာဘုရားကို ထိုင်၍ ရှိခိုးကြလေကုန်၏။
"မြတ်စွာဘုရား တရားဟောခြင်း"
--------*------------*----------
ထိုအခါ မြတ်စွာဘုရားက နှစ်ပြည်ထောင်မင်းတို့၏
စစ်တိုက်ကြရမည့် အကြောင်းကို မေးတော်မူ၍ ရေကြောင့်
စစ်တိုက်ကြမည့် အကြောင်းကို လျှောက်ထား ကြကုန်လေ၏။
ဤကဲ့သို့ လျှောက်ထားသော အခါ “မင်းသားတို့…. ရေထက် မြေက အဖိုးထိုက်တန်ပေသည်၊ မြေထက် မင်းမျိုးတို့က အဖိုးထိုက်တန်ပေသည်၊ ရေကြောင့် မင်းမျိုးတို့ကို မပျက်စီးစေကြကုန်လင့်“ ဟု မိန့်ကြားတော်မူပြီးလျှင် ရန်ပြေ မာန်ပြေ တရားတော်များကို ဟောကြားတော်မူပါသည်။
အရာမဟုတ်သည်၌ ရန်မူခြင်းကြောင့် ပျက်စီးကြသော ဖန္ဒနဇာတ်တော်၊ ပညာမဲ့တို့၏ စကားကြောင့် ပျက်စီးကြသော ပထဝီ ဥန္ဒြိယဇာတ်တော်၊ အားသေးသော်လည်း အားကြီးသူအား ပျက်စီးစေသော လဋုကိကဇာတ်တော်တို့ကို ဟောကြားတော်မူ၏။
ထို့နောက် ညီညွတ်ခြင်း၏ အကျိုးတရားတို့ကိုပြသော
ရုက္ခဓမ္မဇာတ်တော်၊ ဝဋ္ဋကဇာတ်တော်တို့ကို ဟောကြားတော်မူ၏။
"မင်းသားငါးရာ အပ်နှင်းခြင်း"
--------*------------*----------*----------*
ထိုအခါ နှစ်ပြည်ထောင်မင်းမျိုးတို့သည်
“ဤစစ်မြေပြင်သို့ မြတ်စွာဘုရား ကြွမလာခဲ့သော် ငါတို့အားလုံး သွေးချောင်းစီး၍ သေကျေပျက်စီးကြရကုန်လတ္တံ့၊ ယခုအခါ အသက်သေရခြင်းဘေးမှ လွတ်ကင်းချမ်းသာကြရပေသည်။ မြတ်စွာဘုရားအလောင်းတော်သည် တောမထွက်ခဲ့လျှင်
စကြဝတေးမင်းကြီး အမှန်ပင်ဖြစ်မည်၊ အခြံအရံ
မင်းသားပေါင်းများစွာဖြင့် နေရမည် ဖြစ်ပေသည်။
ယခု မြတ်စွာဘုရားဖြစ်သည့်အခါမှာလည်း
မင်းသားအခြံအရံများနှင့် နေရမှာသာ သင့်တော်မည်"
ဟု ဆိုကြကာ ကပိလဝတ်ပြည်မင်းမျိုးမှ ၂၅၀၊
ကောလိယမင်းမျိုးမှ ၂၅၀-တို့ကို မြတ်စွာဘုရားအား
အပ်နှင်းကြကုန်၏။ မြတ်စွာဘုရားသည် ထိုမင်းသားငါးရာတို့ကို ဧဟိဘိက္ခုခေါ်၍ ရဟန်းပြုပေးတော်မူလိုက်၏။
"ကုဏာလရေအိုင်သို့ခေါ်ဆောင်ခြင်း"
--------*------------*----------*----------*
ထိုရဟန်းငါးရာတို့သည် သားမယားတို့ထံမှ သတင်းစကားများကို
ခဏခဏ ကြားကြရသောကြောင့် လွန်စွာ ပျင်းရိကြကုန်၏။
ဤကဲ့သို့ ပျင်းရိနေခြင်းအကြောင်းကို မြတ်စွာဘုရားသိတော်မူ၍ ဟိမဝန္တ္တာ၌ရှိသော ကုဏာလရေအိုင်၏ ပျော်မွေ့ဖွယ်ရာ
ဂုဏ်ကျေးဇူးများကို ချီးမွမ်းကာ ပြောကြားတော်မူ၏။
ရဟန်းငါးရာတို့ ကုဏာလရေအိုင် သို့ သွားချင်သည့်စိတ်များ ဖြစ်လာသောအခါ မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ကောင်းကင်မှ ခေါ်ဆောင်သွားတော်မူ၏။
ထိုရဟန်းငါးရာတို့သည် ကုဏာလရေအိုင်သို့ ရောက်သွားသောအခါ ရှေးက မမြင်ခဲ့ဖူးသေးသော လိပ်တို့ကိုလည်း မေးလျှောက်ကြကုန်၏။ ရှေးက မမြင်ခဲ့ဖူးသေးသော တောတိရိစ္ဆာန်များတို့ကိုလည်း မေးလျှောက်ကြကုန်၏။ ရှေးက မမြင်ခဲ့ဖူးသေးသော သစ်ပင်တို့ကိုလည်း မေးလျှောက်ကြကုန်၏။ ရဟန်းတော်တို့ မေးလျှောက်တိုင်း မေးလျှောက်တိုင်း အမည်နာမနှင့်တကွ မြတ်စွာဘုရား ဖြေကြားတော်မူ၏။
"ကုဏာလဇာတ်ကို ဟောကြားခြင်း"
--------*------------*----------*----------*
ထိုသို့ ဖြေကြားပေးနေသည့် အခိုက်အတန့်၌ပင် ငှက်နှစ်ကောင်တို့သည် တစ်ခုသောတုတ်တံ၏ အဖျားနှစ်ဖက်ကို တစ်ဖက်တစ်ကောင်စီ နှုတ်သီးဖြင့်ချီ၍ အလယ်၌ ငှက်မင်းကိုထိုင်စေလျှက် ပျံသန်းလာကြ၏။ ရှေ့နောက်ဝဲယာတို့မှာလည်း ငှက်အပေါင်းတို့သည် ငှက်မင်းကို ခြံရံကာ ပျံသန်းလာကြ၏။ ဤကဲ့သို့ အံ့သြဖွယ်ရာ ပျံသန်းလာကြသည်ကို မြင်ကြသော ရဟန်းငါးရာတို့အား ကုဏာလဇာတ်ကို မြတ်စွာဘုရား ဟောကြားတော်မူပေသည်။
"သောတာပန်ဖြစ်ကြခြင်း"
--------*------------*----------
ကုဏာလဇာတ်ကို နာကြားကြရသော ရဟန်းငါးရာတို့အား စိတ်ကြည်နူး နှစ်သက်မူ ပီတိများ ဖြစ်လာကြပေသည်။ ပီတိကို အမှီပြု၍ ကိုယ်စိတ်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိများ ဖြစ်လာကြပေသည်။ ပဿဒ္ဓိကိုအမှီပြု၍ ရုပ်နာမ်၊ ကြောင်းကျိုး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကိုသိသော ဝိပဿနာဥာဏ်များ ဖြစ်လာကြပေသည်။ ထိုနောက် ဝိပဿဥာဏ်များ အဆင့်ဆင့် ရင့်ကျက်လာပြီးလျှင် အဘိညာဉ်ရသော သောတာပန် ပုဂ္ဂိုလ်များ ဖြစ်သွားကြလေ၏။
"မဟာဝုန်တောသို့ ပြန်ကြွခြင်း"
--------*------------*----------
ရဟန်းငါးရာတို့ အဘိညာဉ်ရသည့်သောတာပန်များ ဖြစ်ပွားပြီးသောအခါ မြတ်စွာဘုရားသည် ထိုရဟန်းငါးရာတို့ကို ကောင်းကင်ခရီးဖြင့် ခေါ်ဆောင်၍ မဟာဝုန်တောသို့ ပြန်ကြွတော်မူ၏။ ထိုရဟန်းငါးရာတို့သည် မိမိတို့၏ အဘိညာဉ်ဖြင့် ကောင်းကင်သို့ ကြွရောက်၍ မြတ်စွာဘုရားနှင့် အတူတကွ လိုက်ပါသွားကြလေသည်။
"ရဟန္တယဖြစ်ကြခြင်း"
--------*------------*
မဟာဝုန်တောသို့ ရောက်သွားသောအခါ
ထိုရဟန်းငါးရာတို့အား အထက်မဂ်၊ အထက်ဖိုလ်များအတွက် ကမ္မဋ္ဌာန်းတရားများကို မြတ်စွာဘုရား ဟောကြားပေးသနား တော်မူပါသည်။ ရဟန်းတော်ငါးရာတို့သည် ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်၍ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ကြရာ ငါးရာလုံးပင် ရဟန္တာဖြစ်သွားကြလေ၏။
ထိုရဟန္တာပုဂ္ဂိုလ်တို့သည် မိမိတို့ရရှိခဲ့သော ရဟန္တာအဖြစ် တရားထူး တရားမြတ်ကို လျှောက်ထားကြ၍ မြတ်စွာဘုရားထံ အသီးအသီး ရောက်လာကြကုန်၏။ မြတ်စွာဘုရားအနီးသို့ ရဟန္တာငါးရာတို့ ရောက်ရှိနေကြသော အချိန်သည် မြတ်စွာဘုရား၎-ဝါရပြီး
၅-ဝါသို့ရောက်ဆဲ၊ မဟာသက္ကရာဇ် ၁၀၇-ခုနှစ်၊ နယုန်လပြည့်နေ့ လရောင်ထိန်လင်း ရှုခင်းသာယာ ညဥ့်အချိန်အခါ ဖြစ်ပေသည်။
ထို့ညဥ့်အချိန်အခါတွင် မဟာဝုန်တော၌ ကိလေသာအညစ်အကြေး ကင်းဝေစင် ကြယ်နေသော ရဟန္တာငါးရာတို့သည် မြတ်စွာဘုရားကို ခညောင်းဝိုင်းရံလျှက် သီတင်းသုံးနေတော်မူကြ၏။
ထိုသိ့ ရဟန္တာငါးရာတို့ ဝန်းရံလျက် မြတ်စွာဘုရားသီတင်း သုံးနေတော်မူသည်ကို မဟာဝုန်တောထဲတွင် အနီးအနား၌ရှိကြသော နတ်တို့သည် မြင်ကြကုန်၏။
ထိုသို့ မြင်ကြသောအခါ နတ်တို့သည် အချင်းချင်း ဖိတ်ခေါ်ကြကုန်၏။ "အမောင်နတ်သား အမိနတ်သမီးတို့…..လာကြကုန်လော့။ ဘုရားကို ဖူးမြင်ခြင်း၊ တရားကို နာကြားခြင်း၊ သံဃာကို ဖူးမြင်ခြင်းတို့သည် အကျိုးများလှ၏။ လာကြကုန်လော့ သွားကြကုန်စို့” ဟူ၍ များစွာသောအသံတို့ဖြင့် ကြွေးကြော်ကာ သွားရောက်၍
မြတ်စွာဘုရားနှင့် ရဟန္တာငါးရာတို့အား ရှိခိုးကာ နေကြကုန်၏။
ထိုနတ်တို့၏ ကြွေးကြော်သံတို့ကို အဆင့်ဆင့် ကြားကြ၍
တစ်သောင်းသော စကြာဝဠာတိုက်တို့မှ နတ်ဗြဟ္မာတို့
စုဝေးလာကြကုန်၏။
ဤစကြဝဠာတိုက်၌ နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်၍နေ၏။ အလွန်သိမ်မွေ့သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။ မြတ်စွာဘုရား၏ အနီးတွင် သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်) မျှသောနေရာ၌ တစ်ဆယ် နှစ်ဆယ် သုံးဆယ်သော နတ်ဗြဟ္မာတို့ နေကြရကုန်၏။ မြတ်ဘုရားနှင့်ဝေးသော နေရာတို့၌ သားမြီးတစ်မျှင်(ဆံပင်တစ်မျှင်) မျှသောနေရာတို့၌ ခြောက်ဆယ်သော နတ်ဗြဟ္မာတို့ အလွန်သိမ်မွေ့သေးငယ်သော ခန္ဓာကိုယ်ကို ဖန်းဆင်၍ နေကြရကုန်၏။
ဤကဲ့သို့ အလွန်များပြားသော နတ်ဗြဟ္မာတို့ စည်းဝေးရောက်လာကြာသောအခါ ရှေးဦးစွာ
ထိုနတ်ဗြဟ္မာတို့၏ အမည်တို့ကို ဖော်ထုတ်၍ ဟောကြားတော်မူ၏။
ထို့နောက် နတ်ဗြဟ္မာတို့၏ စရိုက်အားလျော်စွာ
မဟာသမယသုတ္တန် ၆-သုတ်ကို ဟောကြားတော်မူ၏။
၁။ တပ်မက်ခြင်း = ရာဂစရိုက်များသော နတ်ဗြဟ္မာတို့အား "သမ္မာပရိဗ္ဗာဇနိယသုတ်" ။
၂။ ကြမ်းတမ်းပြစ်မှားခြင်း= ဒေါသစရိုက်များသော နတ်ဗြဟ္မာတို့အား "ကလဟဝိဝါဒသုတ်"။
၃။ မသိတွေဝေခြင်း = မောဟစရိုက်များသော နတ်ဗြဟ္မာတို့အား "မဟာဗျူဟသုတ်" ။
၎။ ကြံစည်ခြင်း = ဝိတက်စရိုက်များသော နတ်ဗြဟ္မာတို့အား "စူဠဗျူဟသုတ်"။
၅။ ယုံကြည်ခြင်း = သဒ္ဓါစရိုက်များသော နတ်ဗြဟ္မာတို့အား "တုဝဋကသုတ်"။
၆။ အသိဥာဏ်ရှိခြင်း = ဗုဒ္ဓိစရိုက်များသော နတ်ဗြဟ္မာတို့အား "ပုရာဘေဒသုတ်" ဟူသော ၆-သုတ်တို့ကို ဟောကြားပါသည်။
တစ်သုတ် တစ်သုတ်တို့၏ ဟောကြားခြင်း အဆုံးအဆုံး၌ ကုဋေတစ်သိန်းသော နတ်ဗြဟ္မာတို့ ရဟန္တာဖြစ်ကြကုန်သည်။
သောတာပန်၊ သကာဒါဂါမ်၊ အနာဂါမ်ဖြစ်သူတို့လည်း
မရေတွက်နိုင်အောင် များပြားကြလေသည်။
နတ်ဗြဟ္မာတို့အတွက် အလွန်အကျိုးများသော
သုတ္တန်များဖြစ်ကြ၍ ဤမဟာသမယ သုတ္တန်များကို
ရွတ်ဆိုသော ပုဂ္ဂိုလ်တို့အား နတ်ဗြဟ္မာတို့က
အထူးစောင့်ရှောက်ကြသဖြင့် ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာ အမျိုးမျိုးတို့ကို ရရှိနိုင်ကြပေသည်။
.. ယခုပိုစ့်လေးအား အရှင်ဥတ္တမ(နာလန္ဒာတက္ကသိုလ်)မှ
စာစီစာရိုက်ပေး၍ တင်ပြနိုင်ခြင်းဖြစ်ပါသည်။
စာစီစာရိုက်ပေးသော အရှင်ဥတ္တမ(နာလန္ဒာတက္ကသိုလ်) အား အထူးပင်ကျေးဇူးတင်ပါသည်။
စာဖတ်သူအားလုံး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
Credit to ►