Thursday, November 3, 2016

❀ ❀ အသိဥာဏ်နဲ့ ဘုရားကိုးကွယ်ပါ ❀ ❀

#တကယ်အားကိုးရာ ဘာလဲလို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်၊
" အဝေစ္စပသာဒ_ဘုရားနဲ့ပတ်သက်ပြီး ဂုဏ်တော်ကို ထိထိ
ရောက်ရောက် ကြည်ညိုနိုင်ရဲ့လား၊ ဘုရားကို ဘုရားဂုဏ်တော်
သိပြီး ကြည်ညိုတဲ့ ကြည်ညိုမှုမျိုး ဟုတ်ရဲ့လား၊ ပညာနဲ့သဒ္ဓါလား၊
ပညာမဲ့သဒ္ဓါလား " ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ရမယ်နော်။


#အဝေစ္စပသာဒ ဆိုတာ အသိဥာဏ်ရှိရှိနဲ့ ဘုရား ကိုးကွယ်တာ။


#ဘုရားဆိုတဲ့နေရာမှာ ရုပ်ပွားဆင်းတုက ဘုရားကိုယ်စား
အနေနဲ့ရှိတာ။ ဘယ်လိုရုပ်ပွားဆင်းတုမျိုး ကိုးကွယ်ကိုးကွယ်
မကိုးကွယ်ကောင်းဘူးဆိုတာလည်း မရှိဘူး။ ဘုရားအမှတ်နဲ့
ရှိခိုးဦးချပြီးတော့ ထိုဘုရားမှာ အရဟံ စတဲ့ ဂုဏ်တော်ရှိတယ်။
ကိုယ့်မှာ မရှိနိုင်တဲ့အရည်အချင်းတွေ ရှိတယ်။

#သမ္မာသမ္ဗုဒ္ဓ_တရားဓမ္မတွေကို မှန်မှန်ကန်ကန်
ကိုယ်ပိုင်ဥာဏ်ဖြင့် သိတယ်ဆိုတဲ့ အရည်အချင်းတွေ ရှိတယ်။

#ဝိဇ္ဇာစရဏသမ္ပန္န_အသိပညာ အသိဝိဇ္ဇာ အကျင့်တရားတွေနဲ့
ပြည့်စုံတယ်၊

#သုဂတ_နိဗ္ဗာန်ထိအောင် ပေါက်ရောက်ပြီးသားလည်း ဖြစ်တယ်။
ကောင်းမြတ်တဲ့တရားစကားကိုလည်း ဟောပြောနိုင်တယ်။

#လောကဝိဒူ_လောကကြီးအကြောင်း ကောင်းကောင်းသိတယ်၊
စသည်ဖြင့် ကိုယ်ကြည်ညိုရာ ဗုဒ္ဓရဲ့ ဂုဏ်အရည်အချင်းတွေကို
သိပြီး မြတ်စွာဘုရားအပေါ်မှာ ယုံကြည်တဲ့၊ ခိုင်မြဲတဲ့သဒ္ဓါတရား
ရှိနေပြီဆိုရင် အဲဒီသဒ္ဓါတရားလေးကြောင့် ဘယ်လိုနည်းနဲ့မှ
အပါယ်မကျတော့ဘူး။

#ဒီသဒ္ဓါတရားလေးကြောင့် ကောင်းရာသုဂတိရောက်မယ်ဆိုရင်
သေခါနီးမှ ဘယ်သွားလို့သွားရမှန်းမသိတဲ့အတွက် စိတ်အားငယ်
နေတဲ့ပုဂ္ဂိုလ်အဖို့ လမ်းမဖြောင့်ပေဘူးလား။
ဆိုပါစို့... လူတစ်ယောက် ခရီးသွားတဲ့အခါမှာ ကိုယ်သွားမယ့်
ခရီးကိုလည်း သိတယ်​၊ ဟိုရောက်တဲ့အခါမှာလည်း ဘယ်မှာ
နေရမယ် ဆိုတာကိုလည်း ကိုယ်သိတယ်ဆိုရင် အဲဒီလူဟာ
ခရီးသွားတဲ့အခါမှာ ပျော်ပျော်ပါးပါး မရှိပေဘူးလား။
ဒီလိုမဟုတ်ဘဲနဲ့ ဆွေမရှိ မျိုးမရှိ ကိုယ်မသိတဲ့နေရာကို
သွားရမယ်ဆိုရင် ဘယ်လိုများ နေရပါ့မလဲဆိုပြီး စိတ်ထဲမှာ
အားငယ်မှုတွေ မဖြစ်ဘူးလား။

#ဒါမျိုးလိုပဲ သံသရာဘဝခရီးတစ်ခုကို သွားတော့မယ်ဆိုရင်
သေခါနီးမှာ အားငယ်တတ်တယ်။ အားငယ်တာတော့ အမျိုးမျိုးပေါ့။
လက်ရှိ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်တွေကို စွန့်ခွာသွားရမှာ အားငယ်
စရာတစ်ခု၊ ကိုယ်မြတ်နိုးတဲ့ပစ္စည်းဥစ္စာကို စွန့်ထားခဲ့ရမှာကိုလည်း
အားငယ်စရာတစ်ခုပေါ့။

#ဒီတော့ ကိုယ်ခင်မင်တဲ့ ပုဂ္ဂိုလ်​တွေတို့ ၊ ကိုယ်မြတ်နိုးတဲ့
ပစ္စည်းတွေဆိုတာ ကိုယ့်အတွက် အားကိုးရာ ဟုတ်ရဲ့လား၊
မဟုတ်ဘူးနော်။ ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲမှာ ဖြစ်ပေါ်တဲ့
ဘုရားအပေါ်မှာ နှစ်​နှစ်​ကာကာ ကြည်ညိုတဲ့ သဒ္ဓါတရား,
ပညာနဲ့ကြည်ညိုတဲ့ သဒ္ဓါတရားသည်သာလျှင် ကိုယ့်အတွက်
အားကိုးရာအစစ်ဖြစ်တယ်။

#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

No comments:

Post a Comment