Saturday, July 9, 2016

“အရေးတကြီး လိုနေသော မေတ္တာ”


••••••••••••••••••••••••••••••••••••••••••
ကောသမ္ဗီရဟန်းတော်များ ၀စ္စကုဋိအတွင်းက
သန့်သက်ရေခွက်၌ ရေကျန်ထားခြင်းကိစ္စ အပြစ်ရှိ၊
မရှိ ငြင်းခုံမှုကို အစပြု၍ သံဃာတော်အချင်းချင်း
ပဋိပက္ခဖြစ်လာကြသည်။ထိုပဋိပက္ခသည် ကြီးကျယ်သထက်
ကြီးကျယ်လာပြီး မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
ဖြေရှင်းပေးသော်လည်း မရ၊ငြိမ်းချမ်းရေး တရားဟော
ဆုံးမပေးသော်လည်း မရတဲ့အထိ တစ်ဖက်နှင့်တစ်ဖက်
အလျှော့မပေးစတမ်း တင်းမာလာလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်သည် အသိပေးဆုံးမ၍
ရတော့မည်မဟုတ်သည်ကို သိမြင်တော်မူသည့် အတွက်
မည်သူ့ကိုမျှ အသိမပေး၊ မည်သည့်အဖော်ကိုမျှ
မခေါ်တော့ဘဲ မိမိ၏ ပရိက္ခရာကို ကိုယ်တော်တိုင်
ယူဆောင်တော်မူလျှက် တစ်ပါးတည်း ခရီးကြွ
သွားတော်မူလေသည်။

ပထမ ဗာလကလောဏက(ဆားချက်)ရွာသို့
ကြွတော်မူပြီး ထိုရွာမှတဆင့် ပါစိန၀ံသခေါ်
အရှေ့ဝါးတောသို့ ဆက်လက်ကြွသွားတော်မူလေသည်။
ထိုပါစိန၀ံသခေါ် အရှေ့ဝါးတောအရပ်၌ အရှင်အနုရုဒ္ဓါ၊
အရှင်နန္ဒိယ၊အရှင်ကိမိလ ရဟန္တာမထေရ်မြတ်
သုံးပါး သီတင်းသုံးနေလျှက် ရှိပါသည်။
မြတ်စွာဘုရားရှင်သည် ထိုမထေရ်မြတ်သုံးပါးတို့၏
အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြပုံကို နောက်နောင်
တပည့်သာဝကအများ အတုယူကျင့်သုံးနိုင်စေရန်
အတွက် ယခုအရှေ့ဝါးတောခရီးကို ကြွတော်မူ
လာရင်း ဖြစ်ပေသည်။
မြတ်စွာဘုရားရှင် ၀ါးတောနယ်နိမိတ်သို့ ၀င်ရောက်ကာစ
အပေါက်ဝမှာပင် တောစောင့်တာဝန်ကျသော
ဒကာလေးမှာ မြတ်စွာဘုရားရှင်ကို သာမန်
မထင်မရှား ရဟန်းတစ်ပါးဟု ထင်မှတ်လေသည်။
ထို့သို့ ထင်မှတ်မှုကြောင့် ယခု ထပ်မံ ရောက်ရှိလာသော
အာဂန္တုကရဟန်းက ၀ါးတောထဲ၌ ယခင် ရောက်ရှိ
နေထိုင်ကြသော မထေရ်မြတ်သုံးပါးတို့အတွက်
အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်သွားလေသည်။
လူ့ဘသာဝအရ သူ့အမြင်ကို အပြစ်မဆိုသာ။
များသောအားဖြင့် လူ့ပတ်ဝန်းကျင်၌ ညီညွတ်နေသော
အသိုင်းအ၀ိုင်းကြားမှာ အခြားတစ်ယောက်ယောက်
ထပ်မံရောက်ရှိလာချိန်မျိုးတွင် ယခင်ညီညွတ်ပြိးသား
အစုအဝေးလေးပင် တကွဲတပြားစီ ဖြစ်သွား
တတ်လေ့ရှိပါသည်။
ထို့ကြောင့် မထေရ်မြတ်သုံးပါးတို့၏ ယခင်
ညီညွတ်နေမှုကို ထိခိုက်မှာ စိုးရိမ်သွားခြင်းဖြစ်လေသည်။
ထိုသို့ စိုးရိမ်လာသဖြင့် တောစောင့်ဒကာလေးက
မြတ်စွာဘုရားရှင်ကို ဘုရားမှန်း မသိဘဲ -
“ရဟန်းကြီး၊ ဤတောထဲသို့ မ၀င်ပါနှင့်။ဤတောထဲ၌
သူတော်ကောင်းအမျိုးကောင်းသားသုံးဦးတို့သည်
မိမိအကျိုးစီးပွားဖြင့် နေနေကြပါသည်။သူတို့၏
မချမ်းသာမှုကို မပြုပါနှင့်” ဟု အနီးရောက်လာသော
ဘုရားရှင်အား တားဆီးထားလိုက်လေသည်။
ထိုစကားသံကို အရှင်အနုရုဒ္ဓါမထေရ်မြတ်က
ကြားလိုက်ရ၍ တောလမ်းအ၀သို့ လှမ်းမျှော်ကြည့်မိ
သောအခါ မြတ်စွာဘုရားရှင်ကြွလာတော်မူမှန်း
တွေ့မြင်ရလေသည်။ ထို့ကြောင့်-
“တောစောင့်ဒကာ၊ ငါတို့၏ ဆရာ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီး ကြွလာတော်မူခြင်း ဖြစ်ပေသည်။
ငါတို့ဆရာ မြတ်စွာဘုရားရှင်ကို မတားပါနှင့်။” ဟု
တောစောင့်ဒကာကို သတိပေးဟန့်တားပြီး
အခြားသော အရှင်ကိမိလ၊အရှင်နန္ဒိယမထေရ်များ
အထံသို့ မြတ်စွာဘုရားရှင်ကြွလာတော်မူကြောင်းကို
ပထမဦးစွာ လှမ်း၍ အသိပေး သတင်းစကား
ပြောကြားပါသည်။
ထို့နောက် မထေရ်မြတ်သုံးပါးစလုံး အတူတကွ
မြတ်စွာဘုရားရှင်ကို ခရီးဦး ကြိုဆိုကြလေသည်။
တစ်ပါးက သပိတ်သင်္ကန်းကို လှမ်းယူ၏။
တစ်ပါးက နေရာထိုင်ခင်းပေး၏။
တစ်ပါးက ခြေဆေးရေတည်ခင်း ၀တ်ပြုကြလေသည်။
ပထမဦးဆုံး မြတ်စွာဘုရားရှင်ကို ခရီးဦးကြိုဆိုခြင်း
အမှု ပြုခြင်းကိစ္စမှာပင် မထေရ်မြတ်သုံးပါးတို့သည်
အချင်းချင်းညီညီညွတ်ညွတ် ရှိကြလေသည်။
မည်သူက အရင် ၊ မည်သူက နောက်၊ မည်သူက
ဘယ်အမှုကို လုပ်ရမည်၊ မည်သူက ဘယ်နေရာမှာ
နေရမည်ဟု တိုင်ပင်ထားခြင်း ပြုစရာမလို။
အချင်းချင်း အလိုလို ညီညွတ်ပြိးသား
ဖြစ်နေကြလေသည်။
ဘုရားရှင်က အရှင်အနုရုဒ္ဓါနှင့် မထေရ်မြတ်သုံးပါးတို့အား
“ခမနီယံ ယာပနီယံ -ကျန်းခံ့သာပါ၏လော မျှတပါ၏လော။”
ဟု အစရှိသော ပဋိသန္ထာရစကားတို့ဖြင့် မေးတော်မူပြီးလျှင်-
“ချစ်သားအနုရုဒ္ဓါတို့ ၊ သင်တို့သည် အချင်းချင်းငြင်းခုံခြင်း
မရှိ ညီညီညွတ်ညွတ် နေကြပါ၏လော။နို့နှင့်ရေ
ရောက မကွဲမပြား တစ်သားထဲဖြစ်ဘိသကဲ့သို့
တစ်ဦးနှင့်တစ်ဦး ချစ်ခင်သောမျက်စိတို့ဖြင့် ကောင်းစွာ
ကြည့်ရှု၍ နေနေကြပါကုန်၏လော”
ဟုဆက်လက်မေးတော်မူလေသည်။
“ မှန်လှပါ မြတ်စွာဘုရား၊ တပည့်တော်တို့ ထို့ကဲ့သို့
နေနေကြပါသည်ဘုရား။”
“ချစ်သားတို့- ချစ်သားတို့တတွေ အတူတကွ
ညီညွတ်စွာ နေထိုင်ကြပုံသည် အဘယ်ကဲ့သို့ပါနည်း။”
“ မှန်လှပါ မြတ်စွာဘုရား၊-- “ဤနေရာ၌ ယခုကဲ့သို့သော
သီတင်းသုံးဖော်တို့နှင့်အတူနေရခြင်းသည် ငါ့အတွက်
အရတော်လေစွ။ငါ့အတွက် ကောင်းသောရခြင်း
သည်လည်း ဖြစ်ပါပေစွ။” - ဟု စိတ်ထဲမှာ
ဖြစ်ပေါ်နေပါသည် ဘုရား။ဤသီတင်းသုံးဖော်တို့အပေါ်၌
မေတ္တာကာယကံ ၊မေတ္တာဝစီကံ ၊ မေတ္တာမနောကံ
တို့ကို မျက်မှောက်မှာရော ၊မျက်ကွယ်မှာပါ ထားရှိ
ကျင့်သုံးလျှက် နေနေကြပါသည်ဘုရား။”
“ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား-
“ မိမိ၏စိတ်အလိုဆန္ဒ မိမိရဲ့အကြိုက်ကို ဦးစားပေး
ရှေ့တန်းတင်ခြင်းမရှိဘဲ အတူနေအခြား အရှင်မြတ်နှစ်ပါး
တို့၏ အလိုဆန္ဒအတိုင်း နေထိုင်ရပါမူကား ကောင်းလေစွ”
ဟု စိတ်ကူးကြံစည်ထားသည့်အတိုင်း အခြား
မထေရ်မြတ်နှစ်ပါးတို့၏ အလိုဆန္ဒကိုသာ ဦးစားပေးပြီး
နေထိုင်ကြသည့်အတွက် တပည့်တော်တို့မှာ
ခန္ဓာကိုယ်ကသာ ကွဲပြားနေပါသည်ဘုရား။
စိတ်ကတော့ တစ်စိတ်ထည်း၊တစ်ဝမ်းထည်း
ညီညီညွတ်ညွတ် နေထိုင်ကြပါသည် ဘုရား”ဟု
အရှင်အနုရုဒ္ဓါမထေရ်မြတ်က ဘုရားရှင်အား ပြန်လည်
လျှောက်ထားလေသည်။
ကျန် မထေရ်မြတ်နှစ်ပါးကလည်း အရှင်အနုရုဒ္ဓါမထရ်မြတ်
လျှောက်ထားသကဲ့သို့ ထပ်တူ ပြန်လည်
လျှောက်ထားကြလေသည်။
ယခုဖော်ပြခဲ့သော ဇာတ်လမ်းအကျဉ်းလေးသည် ၀ိနည်း
မဟာဝါ ပါစီန၀ံသဒါယဂမနကထာ၌ မြတ်စွာဘုရားရှင်
ဟောကြားခဲ့သော တရားတော်ဖြစ်ပါသည်။
ထိုအရှင်မြတ်သုံးပါးတို့ကို ဆက်လက်မေးမြန်း
မိန့်ကြားသော အမေးအဖြေများကလည်း စိတ်ဝင်စား
စရာအလွန်ကောင်းမွန်ပါသည်။သို့သော် ဤနေရာ၌
ယခုပြဆိုခဲ့ သော ဘုရားရှင်နှင့် အရှင်အနုရုဒ္ဓါ
မထေရ်တို့ အမေးအဖြေပြုလုပ်ထားသော
စကားတော်တွေများစွာထဲက-
“သီတင်းသုံးဖော်တို့အပေါ်၌ မေတ္တာကာယကံ၊မေတ္တာ
ဝစီကံ၊မေတ္တာမနောကံတို့ကို မျက်မှောက်မှာရော၊
မျက်ကွယ်မှာပါ ထားရှိကျင့်သုံးလျှက် နေနေကြပါသည်
ဘုရား” ဆိုသည့် စကားလေးကို အလွန်နှစ်သက်
မိပါသည်။ထိုအဖြေစကားနှင့် စပ်၍ ပေါ်လာသော
အတွေးများကို တဆင့်မျှဝေပေးချင်မိသည်။
ထို့ကြောင့် ယခု ပါစီန၀ံသဒါယဂမနကထာ၌
မြတ်စွာဘုရားရှင်နှင့် အရှင်အနုရုဒ္ဓါမထေရ်မြတ်တို့၏
အမေးအဖြေများကို ဖော်ပြရခြင်း ဖြစ်ပေသည်။
မျက်မှောက်မျက်ကွယ် နှစ်သွယ်သောအခြေနေမျိုးမှာ
ကျင့်သုံးနေသော ကာယကံမေတ္တာ ၀စီကံမေတ္တာ၊
မနောကံမေတ္တာအကြောင်း အကျယ်ဖွင့်ဆိုချက်များကို
သာရတ္ထဒီပနီ ဋီကာ၌ ဖွင့်ဆိုထားသည့်အတိုင်း
ပထမဦးစွာ ဖော်ပြပါရစေ။
အတူတကွနေထိုင်ကြရသည့်အခါ အသုံးအဆောင်ပစ္စည်း
ပစ္စယများ နေရာတကျမရှိ အမြင်မတော် ပစ်ထားသည်ကို
တွေ့မြင်ခဲ့လျှင် မည်သူလုပ်ထားသည် မည်ဝါလုပ်ထားသည်
ဟု တစ်စုံတစ်ယောက်ကို လက်ညှိုးးထိုး စွပ်စွဲခြင်း
ပြုမနေဘဲ မိမိပြုထားသောအမှုကဲ့သို့ သိမ်းဆည်း
သင့်သည်ကို သိမ်းဆည်းပေးထားခြင်း ရှင်းလင်း
သုတ်သင်သင့်သည်ကို ရှင်းလင်းသုတ်သင်ခြင်းသည်
မျက်မှောက်ကာယကံမေတ္တာဟု ခေါ်ပါသည်။
အတူနေသူတစ်ယောက်ယောက်က အခြားတစ်နေရာကို
ထွက်ခွါသွားစဉ် ထွက်သွားသူ၏ ကျန်ရှိ ပစ္စည်းများကို
သိုမှီးသိမ်းဆည်းပေးထားခြင်းသည် မျက်ကွယ်
ကာယကံမေတ္တာဟု ခေါ်ပါသည်။
အတူတကွနေထိုင်ကြသည့်အခါ တစ်ဦးကိုတစ်ဦး
ချေချေငံငံပြောဆိုဆက်ဆံခြင်း၊ အချင်းချင်း တိုင်ပင်
ညွှန်ပြ ဆွေးနွေးခြင်းသည် မျက်မှောက်ဝစီကံမေတ္တာ
ဟု ခေါ်ပါသည်။
အတူနေသူထဲမှ တစ်ဦးတစ်ယောက်ထွက်ခွါသွားချိန်မျိုးမှာ
“ ငါတို့၏ မိတ်ဆွေသည် ဤကဲ့သို့ သီလ၊သမာဓိ၊ပညာ
သိက္ခာဂုဏ်တို့နှင့် ပြည့်စုံပါပေသည်” ဟု စသည်ဖြင့်
မျက်ကွယ်ရှိ အတူနေမိတ်ဆွေ၏ ဂုဏ်ကျေးဇူးများကို
ထုတ်ဖော်ပြောဆိုခြင်း၊ အခြားတစ်ယောက်ယောက်က
အထင်အမြင်လွဲမှား၍ အပြစ်တင်စကား ဆိုလာလျှင်လည်း
အတူနေမိတ်ဆွေ၏ ဂုဏ်များကို အမှန်အတိုင်း
ကာကွယ်ပြောဆိုပေးခြင်းသည် မျက်ကွယ်
ဝစီကံမေတ္တာ မည်ပါသည်။
မနောကံမေတ္တာတွင် မျက်မှောက်၊မျက်ကွယ် အတူတူ
ဖြစ်ပါသည်။“ငါ၏ အတူနေမိတ်ဆွေ ချမ်းသာပါစေ”
စသည်ဖြင့် ထိုမိတ်ဆွေအပေါ် ကောင်းကျိုးလိုလားသော
စိတ်သည် မနောကံမေတ္တာမည်ပါသည်။
မထေရ်မြတ်သုံးပါးတို့၏ မျက်မှောက်မျက်ကွယ်
နှစ်သွယ်သောနေရာဌာနမှာ မေတ္တာကာယကံ၊မေတ္တာ
ဝစီကံ၊မေတ္တာမနောကံ ထားရှိကြပုံကို အတုယူပြီး
ယနေ့ခေတ်လူ့အသိုင်းအ၀ိုင်းကြားမှာလည်း မျက်မှောက်၊
မျက်ကွယ် နှစ်ဌာနတို့၌ အချင်းချင်း ကာယကံမေတ္တာ၊
ဝစီကံမေတ္တာ၊မနောကံမေတ္တာ များထားကြလျှင်
ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်းချမ်းလာပါလိမ့်မည်။
ထိုကဲ့သို့ လောကကြီးငြိမ်းချမ်းလာပါက လောကထဲမှာ
နေထိုင်ကြသော လူသားများသည်လည်း အေးချမ်းစွာ
စီးပွားရှာခြင်း၊ ကုသိုလ်ပါရီမီများရှာခြင်း၊ တရားရှာခြင်းများကို
ပြုလုပ်နိုင်ကြပေလိမ့်မည်။
ယနေ့ မိမိတို့ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ မေတ္တာများ
ခေါင်းပါးလျှက် တစ်ယောက်ကို တစ်ယောက် အပြစ်ဖွဲ့၊
အပြစ်ပြော၊ တစ်ဦးမကောင်းကြောင်းကို တစ်ဦးက
လွယ်လွယ်ကူကူပြောနိုင်ကြသော ခေတ်ဖြစ်ပေသည်။
တစ်ယောက်နှင့် တစ်ယောက် သူ့တာဝန်၊ကိုယ့်တာဝန်၊
သူ့ကိစ္စ ကိုယ့်ကိစ္စ၊ သူ့အလုပ် ကိုယ့်အလုပ် ခွဲခြား၍
တစ်ယောက်ကို တစ်ယောက် ကူညီခြင်း၊ ဖေးမခြင်းမရှိ။
သနားညှာတာ ကိုယ်ချင်းစာစိတ်မရှိ၊ ညီညွတ်ခြင်းမရှိ။
အငြင်းပွား ၀ိဝါဒကွဲပြားလျှက် မေတ္တာများ ဆိတ်သုဉ်း
လျက်ရှိကြပေသည်။လောကကြီးတွင် မေတ္တာများ
ရှားပါးလာနေသည်။မေတ္တာသည် လောကကြီးတွင်
အရေးတကြီးလိုအပ် လျှက်ရှိနေပေသည်။
မေတ္တာများ ရှားပါးလာသည်နှင့်အမျှ လောကကြီးတွင်
ဖြစ်ပေါ်နေသော ၀ိဝါဒကွဲပြား နေမှုများကိုလည်း
မည်သို့မျှ ငြှိမ်းသတ်နိုင်မည် မဟုတ်ပေ။ပဋိပက္ခများလည်း
ချုပ်ငြိမ်းနိုင်မည် မဟုတ်ပေ။မေတ္တာကင်းလာလေ
လောကကြီးသည်လည်း မီးဟုန်းဟုန်းတောက်လောင်
လာသကဲ့သို့ ဖြစ်လာပါလိမ့်မည်။
ထို့ကြောင့် ၀ိဝါဒကွဲပြားမှုများ ပဋိပက္ခများကို အမြန်ဆုံး
ချုပ်ငြိမ်းစေဖို့၊ လောကကြီးသာယာလှပစေဖို့ ၊
မေတ္တာတွေ မဖြစ်မနေလိုအပ်လာနေသည်။ယနေ့ခေတ်၏
ခုလိုအချိန်အမျိုးမှာ ပြဆိုအပ်ခဲ့သောမထေရ်မြတ်သုံးပါး
တို့၏ အချင်းချင်း ထားရှိကျင့်သုံးခဲ့ကြသော ကာယကံ
မေတ္တာ၊၀စီကံမေတ္တာ၊မနောကံမေတ္တာများကို မျက်မှောက်၊
မျက်ကွယ် နှစ်သွယ်သော နေရာဌာနတို့၌ လိုက်နာ
ကျင့်သုံးကြမည်ဆိုပါက အကောင်းဆုံး အဖြေတစ်ခု
ထွက်ပေါ်လာလိမ့်မည် ဖြစ်ပါသည်။
နောက်ထပ် အခက်ဆုံးတစ်ခုကတော့ မထေရ်မြတ်သုံးပါးတို့၏
အချင်းချင်း သုံးကိုယ်တစ်စိတ် ဖြစ်နေအောင်
အတူတကွ နေထိုင်နိုင်ကြပုံဖြစ်ပါသည်။
“ မိမိ၏စိတ်အလိုဆန္ဒ မိမိရဲ့အကြိုက်ကို ဦးစားပေး
ရှေ့တန်းမတင်ခြင်း မရှိဘဲ၊ အတူနေ အခြားအရှင်မြတ်
နှစ်ပါးတို့၏ အလိုဆန္ဒအတိုင်း နေထိုင်ရပါမူကား
ကောင်းလေစွ” ဟု စိတ်ကူးကြံစည်ထားသည့်အတိုင်း
အခြားမထေရ်မြတ်နှစ်ပါးတို့၏ အလိုဆန္ဒကိုသာ ဦးစားပေးပြီး
နေထိုင်ကြသည့်အတွက် တပည့်တော်တို့မှာ
ခန္ဓာကိုယ်ကသာ ကွဲပြားနေပါသည်ဘုရား။
စိတ်ကတော့ တစ်စိတ်ထည်း တစ်ဝမ်းထည်း
ညီညီညွတ်ညွတ် နေထိုင်ကြပါသည် ဘုရား။”
မထေရ်မြတ်သုံးပါးတို့၏ မြတ်စွာဘုရားရှင်ကို
ပြန်လည်လျှောက်ထားချက်ပါ။
ဒီလျှောက်ထားချက်ဟာ ပတ်ဝန်းကျင်အယူအဆ
မတူသူတွေကြားမှာ မည်ကဲ့သို့ နေထိုင်ပြုမူရမလဲ
ဆိုသော ပြဿနာ၏ အဓိကအဖြေတစ်ခုလည်း
ဖြစ်နေပေသည်။မထေရ်မြတ်တို့၏ စိတ်ထားကဲ့သို့
အခြားသူများ၏ အလိုဆန္ဒအတိုင်းနေထိုင်နိုင်ဖို့ဆိုသည်မှာ
သာမန်လူသားတစ်ယောက်အတွက် အလွန်ခက်ခဲသော
နေထိုင်မှုပါ။ လူအများစုက အမြဲတန်း မိမိအတ္တကိုသာ
ရှေ့တန်းတင်တတ်ကြပါသည်။
မိမိအတ္တ၊မိမိအလိုဆန္ဒကို မဖော်ပြမိအောင် နေထိုင်တတ်ဖို့
ဆိုသည်မှာ ပါရမီရင့်သန်သူတို့သာ လုပ်နိုင်ကြပါလိမ့်မည်။
သို့သော် မိမိတို့ သာမန်ပုထုဇဉ်လူသားများသည်လည်း
သာမန်ပုထုဇဉ်အလျှောက် မိမိတို့ အတ္တကို
လျှော့ချနိုင်လေ ကောင်းလေဖြစ်ပါလိမ့်မည်။
လူရယ်လို့ ဖြစ်လာလျှင် ပတ်ဝန်းကျင်နှင့် ကင်းကွာလို့
မရပေ။ပတ်ဝန်းကျင်နှင့် အမြဲတစေထိတွေ့ ဆက်ဆံ
နေကြရပေသည်။အသက်အရွယ်ရလာသည်နှင့်အမျှ
ပတ်ဝန်းကျင်ကလည်း ကျယ်ပြန့်လာလေသည်။
ကျယ်ပြန့်လာသော နယ်ပယ်ပတ်ဝန်းကျင်အပေါ်
ပြုမူဆက်ဆံမှုကလည်း တဖြေးဖြေးပြောင်းလဲ
လာကြရသည်။မိမိ အမြဲမပြတ်ဆက်ဆံထိတွေ့နေရသည့်
ပတ်ဝန်းကျင်အပေါ် မိမိ၏ဆက်ဆံပြောဆိုပြုမူက
အရေးကြီးသော အချက်ဖြစ်လာသည်။
ထိုကဲ့သို့ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တိုင်းမှာ မိမိနှင့်
အမြင်အယူအဆမတူသူ အမျိုးမျိုးကို တွေ့ကြုံရနိုင်သည်။
ထိုအခါမျိုးမှာ မိမိအတ္တက အစွန်းထွက်ထွက်လာတတ်တာ
သာမာန်လူသားများ၏ သဘာဝတစ်ခုပါ။လူတိုင်းက
မိမိနှင့် အယူအဆခြင်းလည်း မတူနိုင်ပါ။
အမြင်ချင်းလည်း မတူနိုင်ပါ။မိမိ၏ မိသားစုအတွင်း၌ပင်
တစ်ယောက်နှင့်တစ်ယောက် အမြင်၊အယူအဆ
မတူညီနိုင်ကြပါ။ တစ်မြို့နှင့် တစ်မြို့၊ တစ်ရွာနှင့် တစ်ရွာ၊
ရပ်ရွာအတွင်းက တစ်အိမ်နှင့် တစ်အိမ်၊ တစ်ဖွဲ့နှင့်
တစ်ဖွဲ့၊ တစ်ပါတီနှင့် တစ်ပါတီ စသည်တို့၌
လုံးဝမတူညီနိုင်ပါဘူး။အမြဲကွဲလွဲနေကြရသည်။
အားလုံးမှာ ကိုယ်ပိုင်အယူအဆတွေ ရှိနေကြတာ
ထုံးစံဓမ္မတာပါ၊ လူတိုင်းမှာ မိမိ၏ ပင်ကိုယ်ဗီဇအရ
စရိုက်အမျိုးမျိုးရှိနေကြသည်။သတ္တ၀ါတစ်ဦးနှင့်တစ်ဦး
မျိုးရိုးဗီဇ မတူလျှင်၊ စရိုက်မတူလျှင်၊ ကျင်လည်ရသော
ပတ်ဝန်းကျင်မတူလျှင်၊ ပညာအနိမ့်အမြင့် မတူလျှင်၊
ပါရမီဉာဏ်ချင်း မတူညီလျှင် အယူအဆ အတွေးအခေါ်
တွေလည်း တူညီနိုင်မယ် မဟုတ်ပါဘူး။
အမြင်တွေလည်း ကွဲပြားနေပါလိမ့်မည်။
ကွဲပြားနေသော အယူအဆတွေအပေါ် မိမိအတ္တကို
ရှေ့တန်းတင်လိုက်လျှင် ၀ိဝါဒများ ပဋိပက္ခများသည်
တစ်စတစ်စ ကြီးထွားလာကြရသည်။အမြင်မတူခြင်းသည်
ပြဿနာ၏အစ မဟုတ်။အမြင်အယူအဆ မတူခြင်းကြောင့်
တစ်ဖက်နှင့်တစ်ဖက် ၀ိဝါဒကွဲပြားခြင်း ငြင်းခုံခြင်းသည်သာ
ပြဿနာဖြစ်လေသည်။ထို့ထက် ပဋိပက္ခအသွင်
ဖြစ်လာခြင်းမှာ မိမိအတ္တကို ရှေ့တန်းတင်ခြင်း၊
အခြားသူများကို နားလည် လက်ခံပေးနိုင်စွမ်း
မရှိခြင်းကြောင့် ဖြစ်ပေါ်လာရသည်။
အဓိကက မေတ္တာခေါင်းပါးလာခြင်းပင် ဖြစ်ပေသည်၊
မိမိတို့ ပတ်ဝန်းကျင်ငြိမ်းချမ်းဖို့ ဆိုသည်မှာ တစ်ဦး၏
အမှားကို တစ်ဦးက ရှာဖွေထောက်ပြပြီး အပြစ်တင်နေရုံနှင့်
မငြိမ်းချမ်းပါ။
မိမိနှင့် အယူအဆမတူသူများကို နားလည်ခွင့်လွတ်
တတ်သော စိတ်ရှိအောင် မိမိကိုယ်ကို ဦးစွာပြင်ကြရပါမည်။
မိမိနှင့်ဆန့်ကျင်ဘက် အမြင်ရှိသူတွေအပေါ် မာနဖြင့်
မဆက်ဆံမိဖို့လည်း ဂရုပြုရပါမည်။
ထိုသူများအပေါ် အထင်သေးသော အကြည့်ဖြင့်လည်း
မကြည့်မြင်မိဖို့ အရေးကြီးပြန်ပါသည်။မိမိက
အခြားသူတွေထက် အတွေးအခေါ်ပိုကောင်းတယ်။
အသိဉာဏ်ပိုမြင့်တယ်ဆိုသည့် မာနဖြင့် ဆက်ဆံ
မိလိုက်သည့်အခါ မိမိအယူအဆကို နားလည်
မပေးနိုင်ရုံမက ရန်စပဲပွားလာနိုင်ပေသည်။
မိမိက အခြားသူတွေအပေါ် အထင်အမြင်သေးသော
သဘောဖြင့် ဆက်ဆံရင်လည်း မိမိစကား အရာ
မထင်နိုင်ပေ။ သူ့စကား ကိုယ့်မ၀င်၊ ကိုယ်စကား
သူမ၀င် အခြေအနေမျိုးမှာ ၀ိဝါဒသည် တစ်စတစ်စ
ကြီးထွားလာနိုင်သည်။ နောက်တဖြေးဖြေး အယူအဆ
မတူသူတွေကြားမှာ ရန်သူသဖွယ် မခေါ်နိုင်၊
မပြောနိုင်သည်အထိ ဖြစ်သွား တတ်ပေသည်။
ဤကဲ့သို့ အယူအဆမတူသူများအပေါ် မာနဖြင့်
ဆက်ဆံခြင်း၊ အထင်သေးစွာ ဆက်ဆံခြင်းသည်
အတ္တကို အခြေခံသည်။ထိုအတ္တကို လျှော့ချနိုင်သလောက်
လျှော့ချပေးရပါမည် ။ မိမိဆန္ဒကို ရှေ့တန်းတင် ထားသရွေ့ ငြိမ်းချမ်းဖို့ အတွက် အဖြေရှာ မရနိုင်ပေ။ မိမိအတ္တကို မလျှော့သရွေ့ ပတ်ဝန်းကျင်နှင့် ရန်ဖြစ်နေကြရအုံးမည် ဖြစ်သည်။ မိမိအတ္တကို လျှော့ချထားရုံမက မိမိ ပတ်ဝန်းကျင်အပေါ် ကာယကံမေတ္တာ၊၀စီကံမေတ္တာ၊
မနောကံမေတ္တာများကို ထားရှိကျင့်ကြံမှသာလျှင်
မိမိရော ပတ်ဝန်းကျင်ရော အေးချမ်းပါမည်။
လောကကြီးငြိမ်းချမ်းဖို့အတွက် မေတ္တာစိတ်ရှိမှ
ဖြစ်နိုင်သည်၊ အယူအဆ မတူသူများအပေါ် ချစ်ခင်သော
မျက်စိဖြင့် ကြည်ရှုနိုင်ဖို့ဆိုသည်မှာလည်း မေတ္တာစိတ်သာ
အဓိကဖြစ်ပေသည်။နို့နှင့်ရေ ရောထားသကဲ့သို့
ပတ်ဝန်းကျင်အားလုံးနှင့် အတူတကွ ပျော်ရွှင်
ငြိမ်းချမ်းစွာနေနိုင်ဖို့အတွက်လည်း မေတ္တာသည်
အထူးလိုအပ်ပေသည်။အခြားသူများကို နာလည်
သည်းခံပေးခြင်းသည် မေတ္တာစိတ်ရှိမှ ဖြစ်နိုင်သည်။
အခြားသူများကို ကိုယ်ချင်းစာတရားထားနိုင်ခြင်း
ဟူသည်လည်း မေတ္တာစိတ်ရှိမှ ဖြစ်နိုင်သည်။
ထို့ကြောင့် ယနေ့နေရာစုံမှာဖြစ်ပေါ်နေသော ငြင်းခုံမှုများ၊
ဝိ၀ါဒများ ပဋိပက္ခများအားလုံး ကင်းစင်ပြီး ငြိမ်းချမ်းဖို့
အတွက် မေတ္တာသည် အရေးတကြီးလိုအပ်လျက်
ရှိပါကြောင်း မထေရ်မြတ်သုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
ဦးညွှတ်လျှက် တင်ပြလိုက်ရပေသည်။ ။
-【စာရိုက်ပူဇော်သူ - အရှင်သုဝီရ】
(မဟာဂန္ဓာရုံ မဟာနယကဆရာတော်ကြီး၏
၈၅ နှစ်ပြည့် အထိမ်းအမှတ် စာစောင်တွင် ဖော်ပြခဲ့သော မိမိ၏ ဆောင်းပါးလေးကို ပြန်လည်ဖော်ပြပါသည်။)
-【အရှင်သုဝီရ-U Thu MuKha-မဟာဂန္ဓာရုံ၊အမရပူရ】

No comments:

Post a Comment